International News

အိန္ဒိယနိုင်ငံ၌ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းများ ပြန်လည်ကျဆင်းခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရေးဆိုင်ရာ ဆက်သွယ်သွားလာမှု တားမြစ်ချက်များအား စတင်ဖြေ လျော့မှု ပြုခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၌ စီးပွားရေးပြန်လည် နာလန်ထူလာမည့် အရိပ်အယောင်များရှိ‌ရာမှ ဇူလိုင်လတွင် ကုန်ထုတ်လုပ်ငန်းများမှာ ပြန်လည်ကျဉ်းမြောင်းမှု ဖြစ်ပေါ်လာကြောင်း လန်ဒန်မြို့အခြေစိုက် စီးပွားရေးရာ လေ့လာဆန်းစစ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် IHS Markit ၏ ကုန်ထုတ်လုပ်မှုဝယ်ယူရေး စီမံခန့်ခွဲသူများ အညွှန်းကိန်း Purchasing Managers’ Index (PMI) အရ သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၌ ၄၇.၂ ရှိရာမှ ဇူလိုင်လတွင် ၄၆ သို့ ကျဆင်းခဲ့ ကြောင်း၊ လေ့လာစစ်တမ်းကောက်ယူမှုအပေါ် အိန္ဒိယ ကုန်ထုတ်လုပ်ငန်းများမှ ဖြေကြားရာတွင် လုပ်သားအင်အားလျော့ချမှုနှင့် အတူ ၎င်းတို့၏ ဝယ်ယူရေးဆိုင်ရာ လုပ်ဆောင်မှုများကိုလည်း လျော့ချခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပြည်ပသို့ကုန် တင်ပို့ရန် အမှာ အသစ်များ လက်ခံရရှိမှုမှာ ကျဆင်းခဲ့ပြီး နိုင်ငံတကာမှ ဝယ်ယူသူများအနေဖြင့် ကပ်ရောဂါအကျပ်အတည်းကာလအတွင်း သေချာ ရေရာမှုမရှိသည့်အခြေအနေ၌ အမှာစာများပေးပို့ရန် နှောင့်နှေးလျက်ရှိကြောင်း၊ လွန်ခဲ့သည့် ၂ လတာအတွင်း စီးပွားရေးတည် ငြိမ်မှုရရှိမည့် အရိပ်လက္ခဏာများမှာ ပြန်လည်ယိုယွင်းလာခဲ့ကြောင်း၊ သို့ရာတွင် ကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် ရှေ့လာမည့် ကာလများ၌ စီးပွားရေး လုပ်ဆောင်မှုများ တိုးတက်ကောင်းမွန်မှုရှိရန် အပြုသဘောဆောင်သည့် ရှုမြင်မှုများရှိနေကြောင်းဖြင့် IHS Markit ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

IHS Markit အဖွဲ့မှ ထုတ်ပြန်သည့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်မှု အညွှန်းကိန်း (Services Business Activity Index) ဖော်ပြချက်တွင် အိန္ဒိယနိုင်ငံ၏ အဆိုပါအညွှန်းကိန်းသည် ဇွန်လတွင် ၃၃.၇ ရှိရာမှ ဇူလိုင်လ၌ ၃၄.၂ သို့ အနည်းငယ်မြင့်တက်လာ သည်ကို တွေ့ရှိရသော်လည်း ဝန်ဆောင်မှုကဏ္ဍလုပ်ငန်းများ ကျဉ်းမြောင်းကျုံ့ဝင်မှုမှာ ၅ လဆက်တိုက် တည်ရှိနေဆဲဖြစ်ပါသည်။ IHS Markit အဖွဲ့မှ စီးပွားရေးပညာရှင် Mr. Lewis Cooper က အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြုံတွေ့ရမှုနှင့်အတူ ပြည်နယ်ဒေသအချို့တွင် အသွားအလာကန့်သတ်တားမြစ်မှုများ ပြန်လည်ချမှတ်ဆောင်ရွက်ခြင်းက ဝန်ဆောင်မှုကဏ္ဍအပေါ် သက်ရောက်မှုကြီးမားလျက်ရှိပြီး ဝယ်လိုအားလျော့ကျမှုနှင့် စီးပွားရေးလုပ်ငန်းများ ယာယီပိတ်သိမ်းမှုတို့ကို ဖြစ်ပေါ်စေကြောင်း ပြောကြားပါသည်။ IHS Markit ၏ စစ်တမ်းအရ အိန္ဒိယဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ရှေ့လာမည့်ကာလများ၌ စီးပွားရေး လုပ်ဆောင်မှုများ ဆက်လက်ကျဆင်းမည့် အနုတ်သဘောဆောင်ရှုမြင်မှုများ ရှိနေကြကြောင်း တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ ၂ ရပ်ပေါင်းအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ဝယ်ယူရေးစီမံခန့်ခွဲသူများ အညွှန်းကိန်းမှာ ၃၇.၂ ရှိပြီး ယခင်လအောက် ၀.၆ မှတ် လျော့ကျခဲ့ ပါသည်။ PMI အညွှန်းကိန်း ၅၀ အထက်ဖြစ်ပါက လုပ်ငန်း ဆောင်ရွက်မှုများမှာ ဆက်လက်တိုးချဲ့နေမည်ဖြစ်ပြီး ၅၀ အောက်၌တည်ရှိမှုမှာ လုပ်ငန်းများကျဉ်းမြောင်းကျုံ့ဝင်မည့် အခြေအနေ ဖြစ်ပါသည်။ 

အိန္ဒိယနိုင်ငံ၌ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်ဒေသအချို့တွင် အသွားအလာကန့်သတ် တားမြစ်မှုအစီအမံများ ဆက်လက်ဆောင်ရွက်မှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်မှုမှာ ကြန့်ကြာမည့် အခြေအနေများရှိနေသဖြင့် နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူလာရန်မှာ လပေါင်းအတန်ကြာ အချိန်ယူရဖွယ်ရှိကြောင်း ကျွမ်း ကျင်သူများက သုံးသပ်လျက်ရှိကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India's manufacturing activity contracted at a sharper pace in July, 4 Aug 2020, Economic Times

                   2. Services activity contraction weakens in July but downturn not slowing: IHS Markit, 5 Aug 2020, Economic Times

Category: International News